Local News

မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်သီးနှင့် ထောပတ်သီးဆက်စပ်ထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရန်လိုအပ်သည့်မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ

Last Updated:


၁။  မြန်မာနိုင်ငံမှ    ထွက်ရှိသော လတ်ဆတ်သည့် ထောပတ်သီး(Persea americana) များကို တရုတ်နိုင်ငံသို့ တစ်နှစ်ပတ်လုံး အမြဲတင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တို့အကြား ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့်တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှ  Pest Risk Analysis ဆိုင်ရာ မေးခွန်းလွှာ (Questionnaires of Information Needed for Import-PRA) များပေးပို့ခဲ့သည့်အတွက် မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၁၂-၃-၂၀၂၀ ရက်နေ့တွင် ဖြေကြားချက်များ ပြန်လည်ပေးပို့ခဲ့ပြီးနောက် နှစ်နိုင်ငံကျွမ်းကျင်သူပညာရှင်များအကြား မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်သီးတွင်တွေ့ရှိရသည့် အန္တရာယ်ရှိဖျက်ပိုးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ 

နောက်ဆုံးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ

၂။  မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်သီး(Persea americana) တင်ပို့ရေးကိစ္စကို ပိုမို လျင်မြန်စွာဆောင်ရွက်နိုင်ရေး အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက်လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) စနစ်ကျင့်သုံး ဆောင်ရွက်ရန် တရုတ်နိုင်ငံဘက်မှ အဆိုပြုဖော်ပြခဲ့ပြီး၊ အန္တရာယ်ရှိဖျက်ပိုးများ အဝေးလေ့လာအကဲဖြတ်ခြင်း ကျင့်သုံးဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ် (မူကြမ်း) ကို ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံခဲ့ရာ မြန်မာ နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပြုချက်အပေါ် သဘောတူလက်ခံပါကြောင်းနှင့် အဆိုပါလုပ်ငန်း အစီအစဉ် (မူကြမ်း) ပါ ဖော်ပြချက်များအားလက်ခံအတည်ပြုကြောင်း အကြောင်းပြန်ကြားချက်ကို တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ၂၀-၃-၂၀၂၅ရက်တွင် အကြောင်း ပြန်ကြားစာပေးပို့ခဲ့ပြီး၊ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ရေးဌာနမှ မြန်မာနိုင်ငံတွင် ထောပတ်သီးထွက်ရှိသည့် ရာသီအား အလွတ်သဘောမေးမြန်းလာသည့်အတွက်လည်း အကြောင်းပြန်ကြားပြီးဖြစ်ပါသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်စည်များ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ  

၃။  လက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်သီးဝလံများ တင်သွင်း/တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်း ချုပ်ရေးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တန်ဖိုးမြှင့်စားသောက်ကုန်များနှင့်စပ်လျဉ်း၍ ပို့ကုန်သွင်းကုန် အစားအစာလုံခြုံရေးဗျူရိုမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

၄။  တရုတ်နိုင်ငံသို့   ကုန်စည်များ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ၁၂-၄-၂၀၂၁ ရက်နေ့၌ ပြည်ပနိုင်ငံများမှ စားသောက်ကုန်တင်သွင်းမည့် စားသောက်ကုန်ထုတ်လုပ်သူများ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြေညာချက်အမှတ်၊ ၂၄၈ (GACC Decree No.248)နှင့်  ပို့ကုန်သွင်းကုန် အစားအသောက်ဘေး ကင်းလုံခြုံရေး စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ကြေညာချက်အမှတ်၊ ၂၄၉ (GACC Decree No.249)တို့ကိုထုတ်ပြန်ခဲ့ပြီး ၁-၁-၂၀၂၂ ရက်နေ့ မှစတင်အသက်ဝင်ဆောင်ရွက်လျက်ရှိပါသည်။

၅။  အဆိုပါ အမိန့်ကြေညာချက်(၂၄၈) (၂၄၉)တို့အရ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စားသောက်ကုန်ပစ္စည်းများ ထုတ် လုပ်တင်ပို့မည့် လုပ်ငန်းရှင်များအနက် အောက်ပါကုန်စည်အမယ်(၁၈) မျိုးအားတင်ပို့မည့်လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ GACC တွင်မှတ်ပုံတင်ခွင့် ပြုချက်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများရှိ Competent Authorities များ မှတစ်ဆင့်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါသည်-
    ( ၁ )    အသားနှင့်အသားထုတ်ကုန်များ
    ( ၂ )    ရေထွက်ကုန်များ
    ( ၃ )    နို့ထွက်ပစ္စည်းများ
    ( ၄ )    ငှက်သိုက်နှင့်ဆက်စပ်ထုတ်ကုန်များ
    ( ၅ )    အဆာသွတ်ရန် အသုံးပြုသည့်အပေါ်ခွံ
    ( ၆ )    ပျားရည်နှင့်ပျားရည်ထွက်ပစ္စည်းများ
    ( ၇ )    ဥနှင့်ဥထုတ်ကုန်များ
    ( ၈ )    စားသုံးဆီ
    ( ၉ )    အပြင်အသားအား ဂျုံဖြင့်ပြုလုပ်ထားပြီးစားသုံးနိုင်သည့် (သို့) အေးခဲထုတ်ကုန်များ 
    (၁၀)    စားသုံးနိုင်သည့် အစေ့အဆံများ
    (၁၁)    ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့် မုယောစပါး
    (၁၂)    လတ်ဆက်သောနှင့်ရေဓာတ်ထုတ်ထားသော ဟင်းသီးဟင်းရွက်များ
    (၁၃)    ပဲမျိုးစုံ
    (၁၄)    ဟင်းခတ်အမွှေးအကြိုင်များ
    (၁၅)    အခွံမာသီးနှင့် အစေ့အဆံများ
    (၁၆)    သစ်သီးခြောက်များ
    (၁၇)    မလှော်ထားသော ကော်ဖီစေ့နှင့်ကိုကိုးစေ့များ
    (၁၈)    အထူးအာဟာရ အစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ

၆။  အဆိုပါ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့မည့် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် GACC ခွင့်ပြုချက်ရရှိရေး တာဝန်ယူဆောင်ရွက်လျက်ရှိသော Competent Authorities ဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ နှင့်ချိတ်ဆက်ဆောင်ရွက် ရမည်ဖြစ်ပါသည်။

၇။  ကုန်စည်အုပ်စု(၁၈)မျိုးတွင် ပါဝင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့လိုသည့် လုပ်ငန်းရှင်များသည် GACC ၏ Single Window system တွင်ကိုယ်ပိုင် account ဖွင့်လှစ်ကာ မှတ်ပုံတင်ခွင့်ပြုချက် လျှောက်ထားဆောင်ရွက်၍ ခွင့်ပြုချက်ရရှိမှသာ တင်ပို့နိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ Competent Authorities ဌာနများထံသို့ ဆက်သွယ်ဆောင်ရွက်ကာ လျှောက်ထားပုံနည်းလမ်းများ မေးမြန်းနိုင်ပြီး သက်ဆိုင်ရာဌာနများမှလည်း အခါအား လျော်စွာ သင်တန်းများပို့ချလျက်ရှိပါသည်။ ကိုယ်တိုင်လျှောက်ထားရာတွင် GACC ၏ Single Window System Link ဖြစ်သည့် https:// cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်ပိုင် Account ဖွင့်လှစ်ခြင်း၊ လိုအပ်သည့် အထောက်အထားများ တင်ပြ ခြင်းတို့ဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခွင့်ပြုသည့်စာရင်းကို https://ciferquery.single window.cn တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၈။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ၂၇-၁၀-၂၀၂၂ ရက်စွဲပါစာအရ စိုက်ပျိုးရေးစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကော်ဖီစေ့(raw)၊ cocoa beans၊ ဟင်းသီးဟင်းရွက်အစိမ်းများ၊ ဟင်းခေတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ အစေ့အဆံအခြောက်များ၊ ဆီထွက်အပင်များ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန်(သို့မဟုတ်) အပင်မူရင်းများ၏ Quarantine Access ကို GACC ၏ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသဖြင့်စာ (သို့မဟုတ်) အီးမေးလ်ဖြင့် လျှောက်ထားဆောင်ရွက်ရန် အကြောင်းကြားချက်အရလက်ရှိတွင် မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာသံရုံး၊ ပေကျင်းမြို့သို့ အီးမေးလ်ဖြင့်ပေးပို့လျှောက်ထားပြီး မြန်မာသံရုံးမှ သက်ဆိုင်ရာ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ဆက်လက်လျှောက်ထားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ စိုက်ပျိုးရေး စားသောက်ကုန်ပစ္စည်းများ တင်ပို့လိုသည့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီများ၏အချက်အလက်များကို GACC ၏ အပင်နှင့်တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန Website ဖြစ်သည့် https://dzs.customs.gov.cn တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ မှတ်ပုံတင်ခွင့်ပြုချက် သက်တမ်းမှာ ယေဘုယျအားဖြင့် သက်တမ်း ၅ နှစ် ရရှိမည်ဖြစ်ကာ သက်တမ်းတိုးထပ်မံလျှောက်ထားမည်ဆိုပါက (၃)လ (သို့မဟုတ်) (၆)လ ကြို တင်လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရပါသည်။

၉။    တရုတ်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများတင်ပို့ရာတွင် လိုအပ်သည့်စာရွက် စာတမ်းများ တင်သွင်းလိုသည့် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကွာခြားနိုင်သော် လည်း ယေဘုယျအားဖြင့် အောက်ပါ စာရွက်စာတမ်းအချက်အလက်များ တင်ပြရန်လိုအပ် ကြောင်းသိရှိရပါသည်-

      (၁) Commercial invoice (လုပ်ငန်းသုံး ငွေတောင်းခံလွှာ)
      (၂) A detailed packaging list (ထုပ်ပိုးမှုစာရင်း အသေးစိတ်)
      (၃) Bill of lading; (သင်္ဘောပါကုန်ပစ္စည်းအသေးစိတ်စာရင်း)
      (၄) Certificate for export from country of origin;(မူရင်းနိုင်ငံ သက်သေခံလက်မှတ်)
      (၅) Hygiene/Health certificate;(ကျန်းမာရေးဆိုင်ရာသက်သေခံလက်မှတ်)
      (၆) Certificate of bottling date (for drinks) (အချိုရည်များဖြစ်ပါက ရက်စွဲလက်မှတ်)
      (၇) Certificate of for Export; (ပြည်ပတင်ပို့ခွင့်လက်မှတ်)
      (၈) Sample of the original label (မူရင်းတံဆိပ်နမူနာ)
      (၉) Sample of Chinese label; (တရုတ်တံဆိပ်နမူနာ) and
      (၁၀) Inspection certificate (စစ်ဆေးရေးလက်မှတ်)

၁၀။  တရုတ်နိုင်ငံတွင် ရောင်းချမည့် ထုတ်ကုန်အားလုံးအတွက် တံဆိပ်ကပ်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများသည် တင်သွင်းသည့် အစားအစာအမျိုးအစားပေါ်မူတည်၍ ကွဲပြားမည် ဖြစ်သော်လည်း Food Labeling Standards (GB7718-2011) အရ တရုတ်ဘာသာစကားဖြင့် အောက်ပါအချက်များမှာ တံဆိပ်ရိုက်နှိပ်ဖော်ပြရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည်ဖြစ်ပါသည်-
      (၁)    ကုန်ပစ္စည်းအမည်၊ အရည်အသွေးသတ်မှတ်ချက်၊ အသားတင်အလေးချိန်
      (၂)    ပါဝင်ပစ္စည်းများစာရင်း
      (၃)    ထုတ်လုပ်သူအမည်နှင့် ထုတ်လုပ်သည့်နိုင်ငံ
      (၄)    ပြည်တွင်း၌ ဖြန့်ဖြူးသူအမည်၊ လိပ်စာနှင့်ဆက်သွယ်ရမည့် အချက် အလက်များ
      (၅)    ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲနှင့် ထားသိုသိမ်းဆည်းရန် အတွက် လမ်းညွှန်ချက်
      (၆)    ထုတ်လုပ်မှုအတွက်ဆိုင်ရာ စံသတ်မှတ်ချက်
      (၇)    ထုတ်လုပ်မှုလိုင်စင်နံပါတ်(သွင်းကုန်ဖြစ်ပါက မှတ်ပုံတင်နံပါတ်)
      (၈)   အခြားလိုအပ်သည့်အချက်အလက်များ(ဥပမာ-ကလေးနှို့မှုန့်ကဲ့သို့သောသီးသန့်ပစ္စည်းများအတွက်လိုအပ်သည့်                           အချက်များ)

တရုတ်နိုင်ငံသို့ အလှကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ     

၁၁။    အလှကုန်ပစ္စည်းတင်ပို့လိုသည့်လုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၉-၆-၂၀၂၀ ရက်တွင် အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲ  ရေးဆိုင်ရာစည်းမျဉ်း(Cosmetic Supervision and Administration Regulation-CSAR)  ဆိုင်ရာအမိန့်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ၁-၁-၂၀၂၁ ရက်နေ့မှစတင်အသက် ဝင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၂။    တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလှကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရှိရပါသည်-

သွင်ပြင်လက္ခဏာ အလှကုန်ပစ္စည်း   အလှကုန်မဟုတ်သောပစ္စည်း
အသုံးပြုပုံ  

ဆွတ်ဖျန်းခြင်း (သို့)    လိမ်းကျံခြင်း             

ဆေးထိုးခြင်း၊  ချေဖျက်ခြင်း (သို့)  သောက်သုံးခြင်း            
ခန္ဓာကိုယ်အတွက် အသုံးပြုပုံ  လူခန္ဓာကိုယ်ပြင်ပအတွက် (ဥပမာ- အရေပြား၊ ဆံပင်၊ လက်သည်း၊ နှုတ်ခမ်း) သောက်သုံးခြင်း(သို့) ကိုယ်တွင်း အစိတ်အပိုင်းများအတွက်သုံးစွဲခြင်း
အသုံးပြုခြင်း ရည်ရွယ်ချက်နှင့်  လုပ်ဆောင်ချက်   သန့်ရှင်းရန်၊ ကာကွယ်ရန်၊ လှပစေ ရန်   ရောဂါကာကွယ်ရန်နှင့်    ကုသမှုခံယူရန်

မှတ်ချက်။
(၁) သွားတိုက်ဆေးကို အလှကုန်ပစ္စည်းဟုမသတ်မှတ်သော်လည်း General Cosmetics ဆိုင်ရာစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
(၂)  ဆပ်ပြာများတင်ပို့ရန်အတွက် CSAR သို့လျှောက်ထားရန် မလိုအပ်သော်လည်း အသားဖြူစေမည့် အာနိသင်ပါဝင်သောဆပ်ပြာများကို Special Cosmetics အဖြစ် သတ်မှတ်ထားသဖြင့် လျှောက်ထားရန် လိုအပ်ကြောင်း၊

၁၂။  တရုတ်နိုင်ငံတွင် အလှကုန်ပစ္စည်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ချိတ်ဆက်ဆောင်ရွက်ရန် တာဝန်ရှိသည့် Competent Authorities ဌာနများမှာ နိုင်ငံတော် ဆေးဝါးထုတ်ကုန်စီမံခန့်ခွဲမှုဌာန (National Medical Product Administration-NMPA)၊ နိုင်ငံတော် ဈေးကွက်စည်းမျဉ်း စီမံအုပ်ချုပ်မှုဌာန(State Administration for Market Regulation-SAMR)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs-GACC) တို့ဖြစ်ကြပါသည်။ 

၁၃။    နိုင်ငံတော်ဆေးဝါးထုတ်ကုန်စီမံခန့်ခွဲမှုဌာန (National Medical Product Administration-NMPA) အနေဖြင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းလိုသည့် Special Cosmetics များအတွက် မှတ်ပုံတင်ခြင်း၊ ပြည်ပမှ တင်သွင်းလိုသည့် General Cosmetics များအတွက် ကြေညာချက်ထုတ်ပေးခြင်း၊ အလှကုန်အသစ်များတွင် ပါဝင်ပစ္စည်းများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခြင်းနှင့် ကြေညာ ချက်ထုတ်ပေးခြင်းတို့အတွက် တာဝန်ရှိပါသည်။ နိုင်ငံတော်ဈေးကွက်စည်းမျဉ်း စီမံအုပ်ချုပ်မှုဌာန (State Administration for Market Regulation-SAMR)အနေဖြင့် ဈေးကွက်စီမံခန့်ခွဲမှု၊ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်တာဝန်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Customs-GACC) အနေဖြင့် တင်သွင်း၊ တင်ပို့လာသည့် အလှကုန်ပစ္စည်းများ စစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆောင်ရွက်ခြင်း တို့အတွက် တာဝန်ရှိကြောင်း သိရှိရပါသည်။

၁၄။    တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလှကုန်ပစ္စည်းများကို Special Cosmetics နှင့် General Cosmetics ဟူ၍ အမျိုးအစား(၂)မျိုးခွဲခြားထားကြောင်း၊ ဆံပင်ဆိုးဆေး၊ ဆံပင်ကောက်ဆေး၊ အမဲစက်ပျောက်စေသော အသားဖြူပစ္စည်းများပါဝင်သည့် ထုတ်ကုန်များ၊ ဆံပင်သန်ဆေး၊ နေရောင်ခံလိမ်းဆေး၊ ထူးခြားသည့် အာနိသင်သစ်များပါဝင်သည့် အလှကုန်ပစ္စည်းများစသည်တို့ သည် Special Cosmetics တွင်ပါဝင်ကြောင်း၊ အဆိုပါ Special Cosmetics တွင်ပါဝင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများမှာ General Cosmetics တွင်ပါဝင်ကြောင်းသိရှိရပါသည်။

၁၅။    တရုတ်နိုင်ငံဈေးကွက်တွင်းသို့ Offline, Online မှတစ်ဆင့် အလှကုန်ပစ္စည်း တင်သွင်း ရောင်းချလိုသည့် ပြည်ပနိုင်ငံများမှထုတ်လုပ်သူများအနေဖြင့် NMPA မှခွင့်ပြုချက်ရရှိနိုင်ရေး လျှောက်ထားရာတွင် ပြည်တွင်း၌တာဝန်ယူ ဆောင်ရွက်ပေးမည့် တရုတ်နိုင်ငံသားပုဂ္ဂိုလ်တစ်ဦး ရှိရန်လိုအပ်ပါကြောင်း၊ ထုတ်ကုန်ပစ္စည်းအရည်အသွေး၊ ဘေးကင်းမှု၊ အလှကုန်ပစ္စည်း အာနိသင် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနနှင့် ဖြေရှင်းဆောင်ရွက်နိုင်သူဖြစ်ရန်လိုကြောင်း၊  လျှောက် ထားရာတွင် Special Cosmetics များအတွက် NMPA သို့ မှတ်ပုံတင်ခွင့်ပြုချက်လျှောက်ထားပြီး နည်းပညာနှင့် Formula စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ် ကြောင်း၊ အဆင့်ဆင့်စစ်ဆေးမှု ကြာချိန်မှာ ယေဘုယျအားဖြင့် ၁ နှစ်မှ ၁ နှစ်ခွဲခန့်ကြာမြင့်ကြောင်း၊ စစ်ဆေးမှု အောင်မြင်ပါက သက်တမ်း(၅)နှစ်ရရှိမည်ဖြစ်ကြောင်းနှင့် သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးလျှောက်ထား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ General Cosmetics များအတွက် NMPA နှင့် ပြည်နယ်အဆင့် ဆေးဝါးထုတ်ကုန် စီမံခန့်ခွဲမှုဌာနများသို့လျှောက်ထားနိုင်ပြီး Electronic Certificate များထုတ်ပေးမည် ဖြစ်ကြောင်းနှင့် နှစ်စဉ်အစီရင်ခံစာတင်သွင်းရန်လိုအပ်ကြောင်း သိရှိရပါသည်။

၁၆။  အလှကုန်ပစ္စည်းများတင်သွင်းရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ယေဘုယျအားဖြင့် အောက်ပါအချက်အလက်များလိုအပ်ကြောင်းသိရှိရပါသည်-
(၁)    အလှကုန်မှတ်ပုံတင်ခြင်းနှင့် အကြောင်းကြားစာဖောင်ပုံစံနှင့်ဆက်စပ်သည့် စာရွက်စာတမ်းများ (အမျိုးအစားခွဲခြားမှုကုဒ်နံပါတ်-Classification Code)
(၂)    ထုတ်ကုန်အမည်ဆိုင်ရာ အချက်အလက်
(၃)    ထုတ်ကုန်ဖော်မြူလာ (Ingredient submission Code- ပါဝင်ပစ္စည်းကုဒ်နံပါတ်)
(၄)    ထုတ်ကုန်စီမံခန့်ခွဲမှုဆိုင်ရာစံနှုန်းများ 
(၅)    ထုတ်ကုန်တံဆိပ်နမူနာ
(၆)    ထုတ်ကုန်စမ်းသပ်မှုအစီရင်ခံစာ
(၇)    ထုတ်ကုန်ဘေးကင်းရေးအကဲဖြတ်မှုဆိုင်ရာစာရွက်စာတမ်းများ
(၈)    အခြားသော စာရွက်စာတမ်းများ

၁၇။    အလှကုန်ပစ္စည်းများတင်သွင်းရန်လျှောက်ထားလာသည့် ကုန်ပစ္စည်းထုတ်လုပ်သူများသည် ပြည်ပမှထုတ်လုပ်သူများ၏ ထုတ်လုပ်မှုအရည်အသွေးထိန်းချုပ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များနှင့်တကွ လျှောက်ထားရန်လိုအပ်ကြောင်း၊ တရုတ်ဈေးကွက်အတွက် အထူးထုတ်လုပ်ထား သောထုတ်ကုန်များအတွက်စာရွက်စာတမ်းများမပါဝင်ဘဲလျှောက်ထားသူများသည် တရုတ်နိုင်ငံမှသုံးစွဲသူများအတွက် သက်ဆိုင်ရာသုတေသနပြုလုပ်ထားမှုနှင့် စမ်းသပ်မှုဆိုင်ရာအချက်အလက်များကို တရုတ်စားသုံးသူများအတွက် တင်ပြရမည်ဖြစ်ကြောင်း၊ စစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်ရာတွင် ပါဝင်ပစ္စည်းများတွင် အသုံးပြုသည့် ကုန်ကြမ်းများ၏ အချက်အလက်များသည်လည်း အရေးကြီးကြောင်း သိရှိရပါသည်။

၁၈။   ထုတ်ပိုးမှုနှင့် အညွှန်းစာရွက်များတွင် ဆေးဝါးဆိုင်ရာအသုံးအနှုန်းများနှင့် အနာရောဂါဖြစ်စေနိုင်သောအကျိုးသက်ရောက်မှုများ ဖော်ပြခြင်းမပြုရပါကြောင်း၊ မူရင်းနိုင်ငံ၏ စည်းမျဉ်းစည်း ကမ်းများ၊ တရုတ်နိုင်ငံ၏ အလှကုန်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကိုက်ညီရန်လိုအပ် ကြောင်း၊ အလှကုန်ပစ္စည်း၏ စွမ်းရည်အာနိသင်များကို သိပ္ပံနည်းကျ အထောက်အထားများနှင့်တကွ ရှင်းလင်းပြရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုတွင်ပါဝင်သည့် သုံးစွဲရန် အညွှန်းတံဆိပ်နှင့် စာရွက်များသည် NMPA သို့လျှောက်ထားစဉ်ကပင် တရုတ်ဘာသာနှင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ တရုတ်ဘာသာဖြင့် အညွှန်းတံဆိပ်များကို အဖြူရောင်ဖြင့် Print ထုတ်ခြင်း (သို့) sticker ကပ်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၀.၁% ထက်မပိုသည့် ပါဝင်ပစ္စည်းများအားလုံးကို အခြားပါဝင်ပစ္စည်းများနှင့် သီးခြားခွဲထုတ်၍ Introductory phrase တွင် ဖော်ပြရမည်ဖြစ်ကြောင်း၊ General Cosmetics များအတွက် ကုမ္ပဏီအမှတ်တံဆိပ် များသည် အညွှန်းတံဆိပ်ပေါ်တွင် introductory phrase မှ notifier အဖြစ်သို့ ပြောင်းလဲ သွားမည်ဖြစ်ကြောင်း၊ အညွှန်းတံဆိပ်ပေါ်တွင် ထုတ်ကုန်အာနိသင်ကိုဖော်ပြရန်လိုကြောင်း (ဥပမာ- efficacy: moisturizing)၊ ထုတ်ကုန် ၏ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာနံပါတ်ကို တံဆိပ်အညွှန်းပေါ်တွင်ဖော်ပြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သူ အမည်နှင့်လိပ်စာတို့ကိုလည်း တံဆိပ်ပေါ်တွင်ဖော်ပြရန်လိုကြောင်း၊ outer box နှင့် ထုတ်ပိုးသည့်ကုန်ပစ္စည်းများအနေဖြင့် ထုတ်ကုန်ပစ္စည်း(ဥပမာ-ပုလင်း)ပေါ်တွင် shelf-life information အနေဖြင့် ဖော်ပြရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လေ့လာတွေ့ရှိချက်

၁၉။    သို့ဖြစ်ပါ၍  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့် ထောပတ်သီးနှင့်ဆက်စပ် သည့် တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သောသစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက် စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူပြီးဖြစ်ပါကြောင်း၊ ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတစ် ဆင့်လျှောက်ထားနိုင်သည်ဟု စုံစမ်းသိရှိရပါကြောင်း၊ ထောပတ်သီးမှအခြေခံထုတ်လုပ်သည့် အလှကုန်ပစ္စည်းများ တင်ပို့လိုပါက တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (Cosmetic Supervision and Administration Regulation-CSAR)မှ ထုတ်ပြန်ထားသည့် Special Cosmetics နှင့် General Cosmetics လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။


ကိုးကားစာရင်း

https://www.gacc.app/application

https://cifer.singlewindow.cn

https://ciferquery.singlewindow.cn/

http://dzs.customs.gov.cn/

https://www.china-briefing.com/news/exporting-food-products-to-china-regulation-and-procedure/

https://www.youtube.com/watch?v=NwB-dgdD-W4&t=1447s(Comestic link)

https://www.cirs-group.com/en/cosmetics/china-cosmetic-registration-and-filing

https://www.reach24h.com/en/service/cosmetic-service/china-cosmetic-product.html

https://omcmedical.com/china-cosmetic-product-registration/

https://www.china-briefing.com/news/understanding-chinas-new-rules-on-import-and-export-food-safety/

https://www.nmpa.gov.cn/datasearch/home-index.html?itemId=ff8080818281c68801828f92ad 040505#category=hzp

 (စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး)

Category: Local News